မော်လမြိုင် ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ်အတွင်း အဆင့်မြင့်ဝဥများစိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် Mon AgroTech Co.,Ltd တို့ တွေ့ဆုံပွဲ အစည်းအဝေးကို ယမန်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ပြည်ပဈေးကွက် အလားအလာရှိပြီး စိုက်ပျိုးထုတ်လုပ်သူ တောင်သူများအတွက်လည်း အကျိုးအမြတ်ရှိတဲ့ ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုကို အဖက်ဖက်မှ ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSMEs စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးအတွက် မိမိတို့ဒေသနဲ့ ကိုက်ညီတဲ့ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်ကြရန်လိုပါကြောင်း၊ ပြည်ပသွင်းကုန်ပမာဏကို လျှော့ချပြီး ပြည်တွင်းထုတ်ကုန် ပမာဏကို တိုးမြှင့်ဖို့လိုအပ်သလို ထွက်ရှိလာတဲ့ ဒေသထွက်ကုန်ပစ္စည်းများကို အရည်အသွေးကောင်းမွန်စွာနဲ့ ဒေသတွင်း ဈေးကွက်မှာလည်း ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးရောင်းချနိုင်အောင် ပြည်တွင်းမှာသာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်အောင် ကြိုးစားကြရမှာပဲ ဖြစ်ပါကြောင်း၊ပြည်နယ်၏ အမယ်သစ်သီးနှံဝဥ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများအားပေးခြင်းဖြင့် ဝဥ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် Mon AgroTech Co.,Ltd တာဝန်ရှိသူက မွန်ပြည်နယ်အတွင်း အဆင့်မြင့်ဝဥများ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်ဘက်၍ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)