ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းကျင်းပ

ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၇

စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်တွေရင်ဖွင့်ပါစေလား စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာ၊ ဆရာမများဖြစ်သော ဦးစောဦး(စျာန်စွမ်းအင်)၊ ဦးဟန်ညွှန့်(ဟန်ညွှန့်-ယဉ်ကျေးမှု)၊ ဦးမောင်မောင်တာ(သဘာဝ)၊ ဦးသောင်းတင်(စိန်လင်းထက်-နေပြည်တော်)၊ ဦးကျော်ဇော် (မောင်ကျော်ဇော်-ရှင်မတောင်နံ့သာမြေ)၊ ဦးကျော်စိုး (ရွှေပြည်စိုး-မိုးကုတ်)၊ ဒေါ်လှကြည်၊ ဦးလင်းထဋ်(ပျဉ်းမနား)၊ ဦးကျော်လွင်(ကျော်လွင်မြင့်-မှော်ဝန်း)၊ ဒေါ်ခင်ဆွေယု၊ ဦးဌေးဦး (နွေးဦးကိုကို-နေပြည်တော်)၊ ဆရာခိုင်မင်း(နေပြည်တော်)၊ ဦးဇော်ဝင်းသန့် (ကမ်းလက်များ-စာကြည့်တိုက်)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)နှင့် အခြားသောစာပေဝါသနာရှင်များက စာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် လူငယ်တွေရင်ဖွင့်ပါစေလား စာအုပ်တွင်ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)