မချမ်းဘော ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ကျောင်းပိတ်ရက် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် AAMON Computer Training Centre တို့ပူးပေါင်း၍ Computer Knowledge & Painting and Typing (English) အခမဲ့သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် "သားတို့သမီးတို့ကို ယခုလိုသင်တန်းဖွင့်ပေးရ ခြင်းဟာ ဗလငါးတန်ဖွံ့ဖြိုးစွာ ကြီးပြင်းလာစေဖို့နဲ့ IT ခေတ်ကြီးမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ငယ်စဥ်ကတည်းက ထိတွေ့ခွင့်ရစေချင်လို့ ယခုလိုဆောင်ရွက်ပေးဖြစ်ကြောင်း" ထည့်သွင်းပြောကြားကာ သင်တန်းတက်နေစဥ် ကာလအတွင်း သင်တန်းသားများလိုက်နာကြရမည့် စည်းကမ်းများကို ပြောကြားခဲ့သည်။ ဆက်လက်၍ AAMON Computer Training Centre မှ သင်တန်းနည်းပြ ဒေါ်အေးမွန်က သင်တန်းကာလအတွင်း သင်ကြားပို့ချသွားမည့် ပညာရပ်များနှင့် သင်ကြားမည့်ပုံစံများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၇ ရက်အထိ နေ့စဥ် နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီခွဲထိ သင်တန်းသား ၁၀ ဦးလျှင် တစ်သုတ်နှုန်းဖြင့် သင်တန်းသား ၂၀ ဦး လက်ခံသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)