နမ္မတူ နိုဝင်ဘာ ၃
နမ္မတူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲများ စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ (၂၉) ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ပန်ဟိုက်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကြိုတင်ဆန္ဒမဲများ လာရောက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပုံးများကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ လေ့လာစောင့်ကြည့်သူများရှေ့မှောက်တွင် မဲပုံးအတွင်း မည်သည့်အရာမှမပါရှိကြောင်း အသိသက်သေများရှေ့တွင် ပြသပြီး ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများလာရောက်ပေးရာတွင် သန္ဓေရဲတပ်ဖွဲ့ဝင်များ၊ မဲရုံများတွင် တာဝန်ထမ်းဆောင်ရမည့်ဝန်ထမ်းများ၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပတွင် တာဝန်ထမ်းဆောင်ရမည့် မဲဆန္ဒရှင်များနှင့် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
နမ္မတူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၂၃)အုပ်စုတွင် မဲရုံပေါင်း (၄၈)ရုံရှိပြီး မဲဆန္ဒနယ်အမှတ်(၁)နှင့် မဲဆန္ဒနယ်အမှတ်(၂)တို့တွင် အသက် (၁၈)နှစ်ပြည့်ပြီး မဲဆန္ဒရှင်ပြည်သူ (၃၃၆၈၃)ဦးရှိကြောင်း၊ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲများကို နိုဝင်ဘာလ (၇)ရက်နေ့အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲရုံးများတွင် လာရောက်ဆန္ဒမဲပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမင်းဇော်ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)