လွိုင်လင် ဖေဖော်ဝါရီ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အစီအစဉ်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပါသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကျေးရွာများမှ လုပ်ငန်းထူထောင်ကြမည့် ကျေးလက်နေပြည်သူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းပေးအပ်ခြင်း အစီအစဉ်ကိုကျင်းပရာ လွိုင်လင်မြို့နယ် ဟွေတွေကျေးရွာမှ Bakery and Snack သင်တန်းတက်ရောက်ပြီးခဲ့သည့် လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား တစ်ဦးလျှင် ကျပ်(၁၀)သိန်းနှင့် ညီမျှသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ အလားတူ ကိုလိုနီကျေးရွာမှ လူသုံးကုန်သင်တန်းတက်ရောက်ပြီးခဲ့သည့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦး၊ ဟိုခိုက်ကျေးရွာမှ အမျိုးသမီးစက်ချုပ်သင်တန်း တက်ရောက်ပြီးသည့် လုပ်ငန်းထူထောင်သူ(၅)ဦး၊ ခေါက်ဝိုးကျေးရွာမှ စားသောက်ကုန်ထုတ်လုပ်ရေးသင်တန်း တက်ရောက်ပြီးခဲ့သည့် လုပ်ငန်းထူထောင်မည့်သူ(၅)ဦးနှင့် မိုက်ဟုန်းကျေးရွာမှ မော်တော်ဆိုင်ကယ်ပြင်သင်တန်းတက်ရောက်ပြီး လုပ်ငန်းထူထောင်မည့်သူ (၅)ဦးတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။ ယင်းနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မိုး(ခရိုင်၊ ပြန်/ဆက်)