မန္တလေး ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက မန္တလေးဆိပ်ကမ်း သာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့အား ချမ်းအေးသာစံမြို့နယ်ရှိ ကမ်းနားလမ်း၊ ၃၁လမ်းရှိ ယာယီရှင်းလင်းဆောင်နေရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက မန္တလေးဆိပ်ကမ်းသာယာလှပရေနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းအား ဇုန်(၁) (၂၂လမ်းနှင့်၂၆လမ်းကြား)နှင့် ဇုန်(၂) (၂၆လမ်းနှင့် ၃၅လမ်းကြား) ဇုန်များ သတ်မှတ်၍ ဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြို့တော်အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပရေးနှင့် ခွင့်ပြုချက်မရှိ အခြေချ နေထိုင်ခြင်းများ မရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အောင်မြေသာစံလမ်း ၉၁ ဘီ၊ ၁၉ လမ်းနှင့် ၂၂ လမ်းကြားရှိ ပကိုးအင်းစီမံကိန်း လုပ်ငန်းဆောင်ရွက် နေမှုနေရာသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့အား ယာယီရှင်းလင်းဆောင်နေရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမှူး ဦးဝင်းမောင်နှင့် တာဝန်ရှိသူများက ပကိုးအင်းစီမံကိန်းအတွင်း လုပ်ငန်းဆောင် ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ ပကိုးအင်းအဝင်လမ်း၊ ပကိုးအင်းရေမြောင်း ဆောင်ရွက်မည့်နေရာ၊ သဲဖြည့်ခင်းထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)