နောင်ချို နိုဝင်ဘာ ၃
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မိခင်ကလေးကျန်းမာရေးဌာနတွင် လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းဖြစ်သော အသက်(၂)လမှ (၁၈)လအထိ ကလေးငယ်များအား ယနေ့ နံနက်(၉)နာရီ အချိန်က ကာကွယ်ဆေးထိုးနှံခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို တစ်ရက်လျှင်(၅၀)ဦးသာ ထိုးနှံပေးမည်ဖြစ်ပြီး အုပ်ထိန်းသူများသည် နေအိမ်မှ ထွက်လာသည့်အခါ နှာခေါင်းစည်းစနစ်တကျတပ်ဆင်ခြင်း၊ ဆေးခန်း အတွင်းသို့ မဝင်ရောက်မီ လက်ကို စနစ်တကျဆေးစေခြင်း၊ ကလေးနှင့်အတူ အုပ်ထိန်းသူတစ်ဦးသာ ဝင်ရောက်ရမည်ဖြစ်ကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်စေခြင်းဖြင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးရာတွင် ကာကွယ်ဆေး(၉)မျိုးကို ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးကိုလည်း တိုက်ကျွေးပေးလျက်ရှိကြောင်း၊ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆေးရုံအခြေပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်/ဆက်)