ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြော

ဇေယျာသီရိ ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်က ဇေယျာသီရိမြို့နယ်အတွင်း အများပြည်သူ စိတ်အေးချမ်းမြေ့လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် လုံခြုံမှုကို ထိခိုက်အန္တရာယ်ဖြစ်စေမည့် လုပ်ဆောင်မှုများမရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်းသို့ အခြားနေရာဒေသများမှ ညအိပ်/ညနေလာရောက်ပါက အိမ်ရှင်နှင့် လာရောက်တည်းခိုသော ဧည့်သည်တို့သည် တည်ဆဲဥပဒေများနှင့်အညီ ဧည့်စာရင်းတိုင်ကြားခြင်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် သတင်းပို့ရမည်ဖြစ်ကြောင်း၊ သတင်းပို့ရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းနှင့် အထက်ဌာနမှ နယ်မြေလုံခြုံရေးဆိုင်ရာများ၊ မြို့နယ်သန့်ရှင်းသာယာလှပ‌ရေး ညွှန်ကြားချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌စေရန် လုပ်ဆောင်ချက်များ၊ တက္ကသိုလ်ဝန်ထမ်းစာမေးပွဲဖြေဆိုချိန်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ရန်နှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန် ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်‌ရေးများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)