ပင်းတယ ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်အတွင်း ဦးစားပေးဆောင်ရွက်မည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်အမယ်များနှင့် ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်(Work Plan)များအား ရေးဆွဲရန်အတွက် လက်ဖက်ထုတ်ကုန်အဖွဲ့မှ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံလက်ဖက်စိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်လက်ဖက်ထုတ်ကုန်အဖွဲ့ခေါင်းဆောင် (ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန)၊ ညွန်ကြားရေးမှူး ဦးကျော်မိုးတင့်က လက်ဖက်စိုက်တောင်သူများ၏ ဆွေးနွေးတင်ပြချက်များကို ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြနိုင်ရန်အတွက် စိုက်ပျိုးမှု၊ ထုတ်လုပ်မှုနှင့် ဈေးကွက်အတွင်း ရရှိမှုလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရန်ပြောကြားပြီး ရှမ်းပြည်နယ်လက်ဖက်ထုတ်ကုန်အဖွဲ့ဝင်များက လက်ဖက်ထုတ်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ဖက်အထွက်နှုန်းတိုးစေရန် ပြုစုစောင့်ရှောက်မှုနည်းစနစ် မှန်ကန်ပြီး အရည်အသွေးကောင်းမွန်သည့် လက်ဖက်များထွက်ရှိနိုင်စေရန်နှင့် ပြည်တွင်းပြည်ပ ဈေးကွက်များအတွင်း ရောင်းချရန်အတွက် စီမံချက်ချ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစရှိသည်တို့ကို ဆွေးနွေးပြောကြားကြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လက်ဖက်စိုက်တောင်သူများ၊ လုပ်ငန်းရှင်များက စိုက်ပျိုးမှု၊ ထုတ်လုပ်မှု၊ ဈေးကွက်အတွင်း ရရှိမှုလိုအပ်ချက်များနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပြီး ရှမ်းပြည်နယ်လက်ဖက်ထုတ်ကုန်အဖွဲ့ခေါင်းဆောင်မှ လက်ဖက်စိုက်တောင်သူများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)