မုဒုံ ဖေဖော်ဝါရီ ၂၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့် (၁)၊ အမှတ်စဥ် (၁၂) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက နှစ်ရှည်သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းက ရော်ဘာသည် ကမ္ဘာပေါ်တွင် မရှိမဖြစ်လိုအပ်သော စက်မှုကုန်ကြမ်း သီးနှံတစ်ခုဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု (Supply Chain) တစ်ခုလုံးအတွက် အရေးအကြီးဆုံးဖြစ်သည့် အစေးလှီးလုပ်ငန်းအတွက် ကျွမ်းကျင်လုပ်သားရရှိရန် လိုအပ်ကြောင်း အမှာစကား ပြောကြားသည်။ ထို့နောက် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေး ခြံ(မုဒုံ) ခြံတာဝန်ခံက မြန်မာနိုင်ငံ ရော်ဘာစိုက်ဒေသများရှိ ရော်ဘာခြံရှင်များ၊ အစေး ခြစ်လုပ်သားများ အထောက်အကူပြုသည့် သင်တန်းဖြစ်ကြောင်း ၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံအားလုံး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးကောင်းရန် သုတေသန ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ရလဒ်များကို တောင်သူများအား နည်းပညာဖြန့်ဖြူးပေးခြင်းနှင့် ယခုအတတ်ပညာများကို လက်တွေ့အသုံးချရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများကို တာဝန်ရှိသူများက ဆုများနှင့် စစ်ဆေးအကဲဖြတ်ခြင်း အသိအမှတ်ပြု လက်မှတ်များကို အသီးသီး ပေးအပ်ချီးမြှင့်ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ သင်တန်းကို (၁၅) ရက်ကြာ စာတွေ့/လက်တွေ့ ဖြင့် သင်ကြားပို့ချပေးခဲ့ပြီး ကချင်၊ ကရင်၊ မွန်၊ ပဲခူး၊ တနင်္သာရီ၊ ရန်ကုန် တို့မှ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)