တပ်ကုန်း ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများအား ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး အသိပညာပေးရှင်းလင်းခြင်း ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက သပြေကုန်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအသိပေးရှင်းလင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့် ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့် ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကောလာဟလ လုပ်ကြံသတင်းများ မယုံကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ယနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းထွဋ်အောင်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးတက်ထွန်းအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးအဖွဲ့တို့က သပြေကုန်းကျေးရွာအုပ်စုအပါဝင် ကျောက်စရစ်ကုန်းကျေးရွာအုပ်စု၊ အုန်းပင်ကျေးရွာအုပ်စု၊ လက်ပန်ကျေးရွာအုပ်စု၊ အင်ပင်ကျေးရွာအုပ်စု၊ တဲမြင့်ကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ မကျီးပင်ကျေးရွာအုပ်စု၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ကျေးချောင်းကျေးရွာအုပ်စုနှင့် အေးချမ်းသာစံပြကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများ အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရပြီး တပ်ကုန်းမြို့နယ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်းကို ကျေးရွာအုပ်စုပေါင်း ၃၁ အုပ်စုနှင့် ရပ်ကွက် ၆ ရပ်ကွက်တို့တွင် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်