ပုံပါကျင် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပုံပါကျင်မြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များ သိရှိကြစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့ စစ်အခြေချဗျူဟာမှ ဗိုလ်မှူးစိုးမိုးကျော်နှင့် အဖွဲ့၀င်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် အဖွဲ့ဝင်များ၊ နယ်မြေခံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ပြည်သူများ သိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူတို့က လူစည်ကားရာနေရာများဖြစ်သည့် ပုံပါကျင်မြို့မဈေးရှေ့ ဖြတ်သန်းသွားလာသူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းဆုံများတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်နှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အဘယ်ကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရန်ကာလ စသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)