ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ခလုပ်ကျေးရွာ ဓာတ်အားခွဲရုံ ဆောင်ရွက်ပြီးစီးမှုကြည့်ရှုစစ်ဆေး

တွံတေး နိုဝင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် တွံတေးမြို့နယ်အတွင်းရှိ ခလုပ်ကျေးရွာအုပ်စု၊ ခလုပ်ကျေးရွာ ခလုပ်ဓာတ်အားခွဲရုံအား ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများနှင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။
တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (၂၀၁၉-၂၀၂၀) ခုနှစ်ရန်ပုံငွေဖြင့် ခလုပ် ဓာတ်အားရုံ 33/11 KV(5)MVAနှင့် မယ်ပြေကျွန်းဓာတ်အားခွဲရုံ 33/11 KV(5) MVA အား တည်ဆောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ခလုပ်ဓာတ်အားခွဲရုံအား လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့်တာဝန်ရှိသူများက တည်ဆောက်ပြီးစီးဆောင်ရွက်ထားမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ တွံတေးမြို့နယ်တွင် ကျေးရွာပေါင်း(၂၃၅)ရွာရှိပြီး ကျေးရွာလျှပ်စစ်မီးရရှိ သော ကျေးရွာများ ယခုဆိုလျှင် ကျေးရွာပေါင်း(၂၀၀)နီးပါး လျှပ်စစ်မီးလင်းနေပြီးဖြစ်သည်။
အဆိုပါဓာတ်အားခွဲရုံ နှစ်ခုပြီးစီးသွားပါက ခလုပ်-ရေကျော်ကားလမ်းမဘေးရှိ ကျေးရွာ(၁၅)ရွာ မယ်ပြေ ကျွန်းပေါ်ရှိ ကျေးရွာ(၂၀) စုစုပေါင်းကျေးရွာ(၃၅)ခန့် လျှပ်စစ်မီးလင်းတော့မည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် တွံတေးမြို့နယ် တစ်မြို့နယ်လုံး လျှပ်စစ်မီးရရှိရန် ဆောင်ရွက်ထားပြီး ကျေးရွာ များ လျှပ်စစ်မီးရရှိလာသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူနေမှုဘဝများ မြှင့်မား တိုးတက်လာ တော့မည့်ဖြစ်ကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)