ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ကြီး ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ညောင်ဦး ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မည်ဖြစ်ရာ ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန်  ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ရွှေစည်းခုံစေတီတော်ကြီး အင်္ဂါထောင့် တန်ဆောင်းတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါခေါ်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပကို ရွှေစည်းခုံဘုရားကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ဆက်ကပ်ခြင်းလုပ်ငန်း ဦးစီးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားကာ တင်ဒါစည်းကမ်းချက်များနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရွှေသင်္ကန်း တင်ဒါလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းမောင်မြင့်မှ ရှင်းလင်းပြောကြားကာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် ပတ်သက်၍ မရှင်းလင်းသည့် ကိစ္စရပ်များ ဆွေးနွေးနိုင်ကြောင်း သုံးကြိမ်သုံးခါ ပြောဆို၍ ဆွေးနွေးစေကာ ရွှေစည်းခုံစေတီတော်ကြီး  ကြာမှောက်၊ ကြာလှန်နှင့်ရွဲတို့ရှိ ရွှေစင်ရွှေပြားအချို့ ပြုပြင်နိုင်ရန် ဆောင်ရွက်လိုသူများကို တင်ဒါစနစ်ဖြင့် ရွေးချယ်ရေး အစည်းအဝေး ဆက်လက်ကျင်းပသည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူရန်အတွက် သဒ္ဓါတရား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ပြီး ကြာမှောက်၊ ကြာလန်နှင့် ရွဲတို့မှအပ ရွှေစည်းခုံ စေတီတော်ကြီးအား မျက်ပါးရွှေဆိုင်း (၂၆၀၀၀)ဖြင့် ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်းမည်ဖြစ်ရာ နှစ်လက်မ ပတ်လည်မျက်ပါးရွှေဆိုင်းတစ်ဆိုင်းလျှင် တစ်သိန်းခွဲကျပ်ဖြင့် ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့ရုံးသို့ တိုက်ရိုက်ဖြစ်စေ၊ ညောင်ဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌထံတို့တွင်လည်း KBZ Pay တို့ဖြင့် လှူဒါန်းနိုင်ကြောင်း သိရသည်။

ဒီပါလင်း