ပင်လောင်း နိုဝင်ဘာ ၃
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်း မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန် နေ့က ပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ညီညီတင် (ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်-လုံခြုံ)က အမှာစကား ပြောကြားပြီး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းထက်နိုင်မြင့် က ရေွးကောက်ပွဲနှင့် ပတ်သက် သည့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ တက်ရောက် လာသည့် တပ်နယ်မှ ကိုယ်စားလှယ်နှင့် ဌာန ဆိုင်ရာ များက ရွေးကောက်ပွဲလုံခြုံရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ ဆက်သွယ်ရေးနှင့် လမ်းပန်း ဆက်သွယ်ရန် အခက်အခဲရှိသည့် နေရာဒေသ အခြေအနေများ၊ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးများ တာဝန်ခွဲဝေ ချထားမှု အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးအောင်လွင် (ဒုတိယညွှန်ကြားရေးမှူး- အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန) နှင့် အဖွဲ့ဝင် ဥပဒေအရာရှိ ဦးသက်ထွန်းတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များ ဖြည့်စွက် ပြောကြား ပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ညီညီတင် (ဒေသဦးစီးအဖွဲ့ အလုပ် အမှုဆောင်-လုံခြုံ)က နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး