ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၁၀) တပ်ဦးရတနာပုံကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၇

နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကိုထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက်  ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၀)ရှိ တပ်ဦးရတနာပုံကျောင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ နှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပုံ၊ ဥပဒေ၏ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှု ထမ်းဥပဒေပါ ပြဌာန်းချက်များအား Powerpoint ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြည်သူ့ စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကားလက်ကမ်းစာစောင်”ပါ အကြောင်းအရာများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍လူမှုကွန်ရက်များတွင် မဟုတ်မမှန်ဝါဒဖြန့်ချိမှုများ၊ ကောလာဟလသတင်းမှားများကြောင့် ပြည်သူများ ထင်ယောင်ထင်မှားမဖြစ်စေရန်အတွက် သိရှိလိုသည့်အချက်များကို ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြသည်။

အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး (၁၀) အုပ်ချုပ် ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၂၁၆)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)