ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာများ ရှင်းလင်းဆွေးနွေး

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင် ဦးဆောင်၍ အဖွဲ့ဝင်များလိုက်ပါပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုပ္ပားကျေးရွာအုပ်စု၊ ပုပ္ပားကျေးရွာ ပြည်အောင်စံ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့် ထုတ်ပြန်ချက်များကို ရှင်းလင်းဆွေးနွေးပြီး လတ်တလောအခြေအနေတွင် ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို စနစ်တကျရေးဆွဲပြီးမှသာ ပြည်သူ့စစ်မှုထမ်းဥပဒေအကျုံးဝင်မည်ဖြစ်ပြီး လောလောဆယ်တွင် ဆင့်ခေါ်ရန် အခြေအနေမရှိသေးသည့်အတွက် စိုးရိမ်ကြောင့်ကျ ဖြစ်ရန်မလိုကြောင်းနှင့် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ်အပိုင်းအခြားနှင့် ကင်းလွတ်ခွင့်ရရှိနိုင်သူများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးအောင်က လုံခြုံရေးဆိုင်ရာများနှင့် ပတ်ဝန်းကျင် လူစိမ်းအဝင်/အထွက်များ သတိထားစောင့်ကြည့်ရေးတို့ကို ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဒေသခံများ၏ မေးမြန်းချက်များအပေါ် အဖွဲ့ဝင်(၁) ဗိုလ်မှူး နောင်ထွန်းနီက ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ မြို့နယ်ဥက္ကဋ္ဌက ဖြည့်စွက် ရှင်းလင်းဖြေကြားပြီး လမ်းပြကြယ် လက်ကမ်းစာစောင်များကို တစ်ဦးချင်းထံ ဖြန့်ဝေ၍ အသိပေးရှင်းလင်းပွဲကို ရုပ်သိမ်းလိုက်သည်။ 
အဆိုပါ အသိပေး ရှင်းလင်းပွဲသို့ ပုပ္ပားကျေးရွာနှင့် ပုပ္ပားလွန်ကျေးရွာတို့မှ ဒေသခံပြည်သူ ၁၆၅ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)