မိုင်းဖြတ်မြို့နယ်၌ ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိ

မိုင်းဖြတ် ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိရာ ယခုနှစ်တွင် ဆောင်းသီးနှံဖြစ်သည့် ဒေသထွက်သခွားသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိကြောင်း သခွားစိုက်တောင်သူများထံမှ သိရသည်။

ဆောင်သီးနှံဖြစ်သည့် ​ဒေသထွက်သခွားသီးများ စိုက်ပျိုးမှုနှင့်ပက်သက်ပြီး ဝမ်ပုံ​ကျေးရွာ​​နေ ဦးစိုင်းလုံးက ကျွန်​တော်တို့က​တော့ သခွားသီးကို နှစ်စဥ်ပုံမှန်စိုက်ပါတယ်၊ တစ်နှစ်နဲ့တစ်နှစ်တော့ အထွက်နှုန်းမတူသလို ​စျေးကွက်ကလည်းမတူပါဘူး၊ ဒီနှစ်က​တော့ သခွားသီးအလုံးလှတာ ၆ လုံး ၇ လုံးကို ကျပ်(၂၀၀၀)အထိ ​ရောင်းချပါတယ်။ ရှားပါချိန်ဆို ​ဒီထက်စျေးကောင်း​ရရှိကြောင်း ​ပြောကြားသည်။

မိုင်းဖြတ်မြို့နယ်တွင် ဒေသခံတောင်သူအများစုက တစ်ပိုင်တစ်နိုင်စိုက်ပျိုး​ရေးလုပ်ငန်းကို အများဆုံးလုပ်ကိုင်သလို သခွားစိုက်ပျိုးခြင်းကို မိုးစပါးရိတ်သိမ်းပြီးချိန်နောက်ပိုင်း စတင်စိုက်ပျိုးကြရာ   ဒီဇင်ဘာလအတွင်း ဖူးပွင့်လေ့ရှိကြပြီး ဇန်နဝါရီလဆန်းပိုင်းများ၌ စတင်ဆွတ်ခူးရောင်းချကြသည်။ အဆိုပါသခွားသီးများကို ယခုလအတွင်း၌ အလုံးကြီး(၇)လုံးပါ တစ်ထုတ်ကို ကျပ်(၂၀၀၀)နှုန်းအထိ ရရှိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် ရှမ်းတိုင်းရင်းသားများ အများဆုံးနေထိုင်ကြပြီး ကျေးရွာနေပြည်သူများက မိမိတို့အိမ်ခြံဝန်းအတွင်းနှင့် လယ်ယာမြေများ၌ သခွား၊ မုံညှင်း၊ ပဲသီး၊ နံနံပင်၊ ဂေါ်ဖီထုပ်စသည့် ဟင်းသီးဟင်းရွက်များကို  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလေ့ရှိကြရာ  ယခုအခါ  ရာသီအလိုက် ဈေးကွက်ပေါ်မူတည်၍    သစ်ခွားသီးနှံအပြင် အခြားသီးနှံများကိုပါ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

​ရွှေကို(မိုင်းဖြတ်)