ဒေါပုံမြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကျင်းပ

ဒေါပုံ ဖေဖော်ဝါရီ ၂၇

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အစည်းအဝေးတွင် ဒေါပုံမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများမှ အားသာချက်များ၊ အားနည်းချက်များကို သုံးသပ်၍ ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်ကြရန်နှင့် စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာ စာစု၊ စာပြုနှင့် စာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးမည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက်စာကြည့်တိုက်ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက စာကြည့်တိုက်များ လက်ရှိလည်ပတ်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီက ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် စာအုပ်များအား ဒေါပုံမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက် (၂) တိုက်သို့ထပ်ဆင့် ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက်ကော်မတီဝင်များက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)