ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၇
မန္တလေးမြို့တွင်၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် သံဃာတော်(၁၀၈)ပါးဖြင့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၂)ထပ်ဆောင် အစည်းအဝေးခန်းမတွင်ကျင်းပရာ မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီနာယက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် မြို့တွင်းသင်္ကြန်ရေကစားမဏ္ဍပ်များ၊ စတုဒီသာဧည့်ခံရေးမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်တို့တွင် မြို့မိမြို့ဖများ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲရေး၊ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပမည့်အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်တွေ့ကြုံခဲ့သည့် အားနည်းချက် အားသာချက်များအပေါ် ပြန်လည်သုံးသပ်ပြီး လစ်ဟာမှုမရှိစေရေး အလေးထားကာ ပေါင်းစပ် ဆောင်ရွက်သွားရန်တို့ကို မှာကြားခဲ့သည်။
၎င်းနောက် မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက လုပ်ငန်းကော်မတီများ ဖွဲ့စည်းပေးထားပြီး ကော်မတီအလိုက် လုပ်ငန်းများ ခွဲဝေချထားပေးမှုနှင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ကြုံခဲ့သည့် အားနည်းချက်အားသာချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများက ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်