ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိလာမှု သွားရောက်ကြည့်ရှုစစ်ဆေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

စစ်တွေ ဖေဖော်ဝါရီ ၂၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများအား စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်း၌ အမ်ဗွီ-ရဲမာန်အောင် သင်္ဘောပေါ်မှ နေပူခံ ကျောက်ပြားများကို လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ အတင်အချ ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light သင်္ဘောနှင့် MV AUNG YADANA(TWO) သင်္ဘောများဖြင့် စစ်တွေမြို့သို့ ရောက်ရှိလာသည့် ပစ္စည်းများအား လူအင်အား၊ စက်ယန္တရား အင်အားများ အသုံးပြုကာ ကုန်တင်ကုန်ချ ပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြား သယ်ဆောင်ရာတွင် ဝိုင်းဝန်ကူညီပေးကြသည့် တပ်မတော်ရေမှ တာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးသည်။ နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော မြို့နယ် ၈ မြို့နယ်၊ မြို့ ၇ မြို့တို့တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသော မြို့နယ်နှင့် မြို့များမှ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အတူနေမိသားစုများသည် စစ်တွေမြို့သို့ ယာယီလာရောက် တိမ်းရှောင်ခိုလှုံလျက်ရှိကြောင်း၊ စစ်တွေမြို့တွင် ရောက်ရှိနေသော ဝန်ထမ်းများသည် မိမိတို့ခရိုင်၊ ပြည်နယ်ရုံးများတွင် ဆက်သွယ်အကြောင်းကြားပြီး ရုံးတက်ရောက်ကာ မိမိတို့လုပ်ငန်း တာဝန်များကို ထမ်းဆောင်ကြစေလိုကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများကလည်း ဝန်ထမ်းများ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးကာ ဝန်ထမ်းများကို ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း ဝန်ထမ်းများသက်သာ ချောင်ချိရေးအတွက် ဆန်နှင့် အခြားသော စားရေရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံပြည်သူများ စိုးရိမ်မှုမရှိအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနီးကပ် ပူးပေါင်းပြီး အကောင်းဆုံး ကြိုးစားစီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသတစ်ခု တည်ငြိမ်းချမ်းမှုမရှိလျှင် ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မှု ရှိမည်မဟုတ်ကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှ ထို့ဒေသသည် ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ လက်ရှိတွင် GRADE-5  နှင့်   GRADE-9 ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်းပြီး GRADE-5  နှင့်   GRADE-9 ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဆုံးရှုံးမှုမရှိစေရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ GRADE -12 စာမေးပွဲ ကျင်းပရန်အတွက် တည်ငြိမ်အေးချမ်းမှု မရှိသည့် မြို့နယ်များမှ စာစစ်ဌာနများကို တည်ငြိမ် အေးချမ်းမှုရှိသော မြို့နယ်များသို့ စာစစ်ဌာနပြောင်းရွှေ့ခြင်း၊ တည်နေရာပြောင်းပေါင်းစည်း စင်တာများတွင် ဖြေဆိုစေခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကုန်စျေးနှုန်း တည်ငြိမ်မှုရှိစေရေး ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ခြင်း၊ ဆေးဝါးများ၊ စားရေရိက္ခာများနှင့် စက်သုံးဆီများ ပြတ်လတ်မှု မရှိစေရေးအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုကော်မတီ၏ ခွင့်ပြုချက်ဖြင့် ရေလမ်းကြောင်းမှ သယ်ယူပို့ဆောင်ဖြည့်တင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် လိုအပ်ချက်များကို တင်ပြပေးကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ စည်းစည်းလုံးလုံးဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း ထမ်းဆောင်သွားကြရန် ပြောကြားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝန်ထမ်းများ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ ဝန်ထမ်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရမည့် အခြေအနေများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်စည်စီးဆင်းမှုမြန်ဆန်နိုင်ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)