မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ မဲရုံသုံးပစ္စည်းများ ၊ ကိုဗစ်−၁၉ ကာကွယ်ရေးသုံးပစ္စည်း PPE ဝတ်စုံ များ ရပ်/ကျေး မဲရုံများအရောက် လိုက်လံဖြန့်ဝေ

ချောင်းဆုံ နိုဝင်ဘာ ၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ ၊ ကိုဗစ်−၁၉ ကာကွယ်ရေးသုံး ပစ္စည်း PPE ဝတ်စုံများအား ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးများ အရောက် ဖြန့်ဝေပေးခြင်းကို နိုဝင်ဘာ ၃ ရက်နေ့ နံနက်(၉)နာရီကမြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ အဖွဲ့ (၃) ဖွဲ့ခွဲ၍ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

အဆိုပါ အဖွဲ့များမှ မဲရုံများအတွက် မဲရုံသုံးပစ္စည်း မဲပုံး (၂၉၈) ပုံး ၊ ဆန္ဒပြုခန်း (၆၇၅) ခန်း ၊ ခြင်းတောင်း (၇၅၀) ၊ မဲပုံးကပ်စာရွက်(၉၀၄) ရွက်၊ချိတ်တောင့်(၁၅၀)၊ တံဆိပ်တုံး (၇၅၀)၊ ဆာလာ အိတ် (၆၉၃၉)အိတ်၊ လုံခြုံရေးကြိုး(၁၄၉၆)ချောင်း ၊မှင်ဘူး (၂၈၉)ဘူး နှင့် မဲရုံတစ်ရုံလျှင် PPE ဝတ်စုံ (၅)စုံစီကို မြို့နယ်အတွင်းရှိ မဲရုံ (၇၅) ရုံအတွက် စုစုပေါင်း PPE ဝတ်စုံ (၃၇၅) စုံ တို့အား ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများရှိ ကော်မတီဝင်များထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မဲဆန္ဒနယ်မြေ အမှတ်(၁) ၊ အမှတ် (၂) ရှိပြီး မဲရုံ စုစုပေါင်း (၇၅) ရုံကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ကို နိုဝင်ဘာ (၆) ရက်နေ့မှ(၇)ရက်နေ့ထိ (၂)ရက် မြို့နယ်ဆရာဝန်ကြီး နှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေး သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသိရသည်။

ကေအေ(ချောင်းဆုံ)