တောင်ဥက္ကလာပ ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ၊ နိကာယ်နှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူကြသော မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သာမဏေ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား (သတ္တမအကြိမ်မြောက်) စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ် (၁၄) ရပ်ကွက်၊ ဥက္ကလာပဘုရားဝန်း မုနိဓမ္မာရုံတော်ကြီး၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် တောင်ဥက္ကလာပမြို့နယ် ငွေကြာရံပရိယတ္တိစာသင်တိုက် ဆရာတော်ဘုရားထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူလာသော ဆရာတော်အရှင်သူမြတ်တို့အား အလှူရှင်များက နဝကမ္မဝတ္ထုအလှူတော်ငွေနှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဘဒ္ဒန္တတိက္ခဉာဏ (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇသိရီ ပဝရဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဝိနယပါဠိပါရဂူ) ဆရာတော်ဘုရားထံမှ ဩဝါဒကထာ နာယူကြည်ညိုကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ဆိုင်ရာတာဝန်ရှိသူများ၊ ဥက္ကလာပဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စာအောင်သံဃာတော်အရှင်သူမြတ်များနှင့် ဆရာကြီး၊ ဆရာလေးများ စုစုပေါင်း (၁၆၅) ပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြပြီး ဆုနှင်းသဘင်အတွက် ရ၊ သုံး ငွေစာ ရင်းရှင်းတမ်းကို ဆရာတော်အရှင်သူမြတ်မှ လျှောက်ထားဖတ်ကြားခဲ့ပါသည်။ ဆက်လက်၍ ဘဒ္ဒန္တသောဘန (သာသနဓဇသိရီပဝရဓမ္မာစရိယ၊ ပိဋကတစ်ပုံအောင်၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ မဟာဓမ္မကထိကဗဟုဇန ဟိတဓရ) ရွှေမြင့်မိုရ်ဆရာတော်ဘုရားထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုကာ ရေစက်သွန်းချအမျှဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း (ပြန်/ဆက်)