မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် ဒေသထွက် ရော်ဘာအစေးခံ မြေစဉ့်ခွက်များကို စဥ်ဆက်မပြတ်လုပ်ကိုင်

မုဒုံ ဖေဖော်ဝါရီ ၂၇

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံကျေးရွာတွင် မွန်ရိုးရာလက်မှုပညာ မိရိုးဖလာလုပ်ငန်း တစ်ခုဖြစ်သည့် ရော်ဘာအစေးခံ မြေစဉ့်ခွက်များကို စဥ်ဆက်မပြတ် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ရော်ဘာအစေးခံစဉ့်ခွက်ကို မြေထည်ဖြင့်အဓိကလုပ်ကိုင်ရပြီး ကုန်ကြမ်းရွှံ့မြေကြီးကို ကျေးရွာများတွင်ရှိသည့် ကန်အဟောင်းမှရရှိကြောင်း၊ ရွှံ့မြေကြီးများအား အခြောက်လှန်းကာ စက်ဖြင့်ကြိတ်ရပြီး ထွက်ရှိလာသည့် ရွှံ့မြေကြီးအမှုန့်များကို ရေထည့်ထားသည့် ကန်အတွင်း၌ စိမ်ထားရကြောင်း၊ ယင်းစိမ်ထားသည့် ရွှံ့မြေကြီးများကိုနင်း၍ ပြုလုပ်သူများက လက်ဖြင့်သာပုံဖော်ပြီး ထွက်ရှိလာသော မြေခွက်များကို နေလှန်းထားရကြောင်း၊နေလှန်ပြီး မြေခွက်များ အကြမ်းခံမာကြောစေရန်အတွက် ၇ နာရီကြာ မီးဖုတ်ဖိုဖြင့် မီးဖုတ်ပေးရကြောင်း၊ မြေခွက်ပုံဖော်ပြီး ရောင်းတန်ဝင် စဥ့်ခွက်များဖြစ်သည်အထိ နှစ်ရက်ကြာပြုလုပ်ရကြောင်း၊ လုပ်သားတစ်ဦးလျင် အိုးထိန်းစက်ဖြင့် တစ်ရက်လျင် မြေစဉ့်ခွက်ပုံကြမ်း အလုံး ၃၀၀ ကျော်ရရှိကြောင်း နိုင်လှုံကျေးရွာ အရှေ့ပိုင်းနေ (၄၆) နှစ်ကြာ မြေအိုးစဥ့်ခွက်ပန်းအိုးပြုလုပ်သူ ဦးငွေဝင်းထံမှ သိရသည်။

ရော်ဘာအစေးခံ မြေစဉ့်ခွက်များသည် အခြားပလက်စတစ်ကော်ခွက်များထက် စျေးကြီးသော်လည်း ရေရှည်ခိုင်မာပြီး ကော်စေးများမကပ်ခြင်း၊ ရော်ဘာစေးများအား လွယ်ကူစွာ ခွာယူရရှိခြင်းကြောင့် မြေစဥ့်ခွက်များကို နောက်ပိုင်းတွင် ပြန်လည်ပိုမို အသုံးပြုလာကြကြောင်း ရော်ဘာစိုက်ပျိုးရေး ခြံလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။ အဆိုပါမြေစဥ့်ခွက်များသည် ယခင်နှစ်က တစ်လုံးလျင် ၂၅၀ ကျပ်ရရှိပြီး ယခုနှစ် ရော်ဘာထုတ်လုပ်ရာသီချိန်တွင် ၃၅၀ ကျပ်ရရှိကာ အရောင်းအဝယ်သွက်လာ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)