ကျောက်ဆည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁) နာရီက စာရေးဆရာ ညီညီနိုင် (မြန်မာပြန်) ရေးသားသည့် “အောင်မြင်ရေးသော့ချက် A –Z 26” စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းနာယက ဦးစိုးမြင့်ဒွဏ်းက ကျောင်းသား တစ်ယောက်အတွက် အောင်မြင်မှုဆိုတာ ကျောင်းတွင် စာတော်ခြင်းဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းတစ်ခု၏ အောင်မြင်မှုသည် အမြတ်အစွန်းများ ရသည်ထက်ရအောင် လုပ်နိုင်ခြင်းဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်တစ်ယောက် အသက်မွေးဝမ်းကျောင်းလုပ်သူတစ်ယောက်အဖို့ အဆင့်မြင့် ရာထူးများ ရရှိခြင်းသည် အောင်မြင်ခြင်းဖြစ်ကြောင်း၊ အိမ်ထောင်ဦးစီးတစ်ဦး၏ အောင်မြင်မှုသည် ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝကို ဖန်တီးတည်ဆောက်နိုင်ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်းက အောင်မြင်ချင်သည်ဟု ပါးစပ်ကထိုင်ပြီး အော်နေ၍မရကြောင်း၊ အသိပညာ၊ အတတ်ပညာများ လေ့လာဆည်းပူးရကြောင်း၊ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းရန်လိုကြောင်း၊ အောင်မြင်လိုပါက အောင်မြင်ရေး ကျင့်စဉ်များ ကျင့်ကြံလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ရှိန် မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များ ဖလှယ်နိုင်ရေး၊ စာကြည်တိုက်နှင့် အကျွမ်းတဝင်ရှိရေး၊ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ စာအုပ်စာစောင်များ ချစ်မြတ်နိုးသူများ အသင်းအတွင်းရေးမှု ဒေါ်ချိုချိုက မိမိတို့၏ ရည်မှန်းချက်များနှင့် အောင်မြင်မှု၊ ဖန်တီးမှုစွမ်းရည်နှင့် စိတ်ကူးယဉ်အိမ်မက်များအကြောင်းများ ဆွေးနွေးပြောကြားခဲ့သည်။
စာဖတ်ဝိုင်းအပြီးတွင် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့မှ ပြသထားသည့် ကမ္ဘာ့အိုဇုန်းလွှာနေ့ အထိမ်းအမှတ်အကြောင်း၊ မီးခိုးမြူငွေ့ ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြောင်း အသိပညာပေး နံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)