ကိုဗစ်-၁၉ ကာလအတွင်း အချိန်ပြည့်တာဝန်ထမ်းဆောင်ခဲ့သည့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုခြင်းနှင့် အခြေခံစားကုန်များ ထောက်ပံ့ခြင်း ဆောင်ရွက်

တာချီလိတ် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း မြို့အဝင်/အထွက် မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အတွက် အချိန်ပြည့်တာဝန်ထမ်းဆောင်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုခြင်းနှင့် အခြေခံစားကုန်များထောက်ပံ့ပေးခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့ရာတွင် တာချီလိတ်မြို့မှ ပြည်သူများအား ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် အချိန်ပြည့် မိမိတို့နှင့်အတူ မေတ္တာစေတနာရှေ့ထားအနစ်နာခံကူညီပေးခြင်း၊ နယ်စပ်ဒေသဝင်ပေါက် ထိုင်း၊ လာအို၊ အထူးဒေသ(၄)တို့မှ အမိနိုင်ငံသို့ပြန်လည်ဝင်ရောက်လာခဲ့ကြသည့် နိုင်ငံသားများကို အကူအညီပေးခြင်း၊ မိုးကုတ် Quarantine Center ၌ ထားရှိသော နေရပ်ပြန်များအား ကြည့်ရှု စောင့်ရှောက် ကူညီပေးခဲ့ကြသည့်အတွက် များစွာ ကျေးဇူးတင် ဂုဏ်ယူမိပါကြောင်း၊ နောင်လဲ ဆက်လက်ကူညီပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်မှ မိမိတို့မြို့နှင့်ပြည်သူများကို ကိုဗစ်-၁၉ ကူးစက်မှုမှ ကာကွယ်ရာတွင် ခရီးသွားများ မြို့တွင်းသို့မဝင်ရောက်မီ ကြိုတင်သိရှိနိုင်ရန် အရေးကြီးပြီး ပြည်သူများအတွက်လည်း ပို၍ လုံခြုံစိတ်ချရမှုကိုဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စေတနာ့ဝန်ထမ်းများ ကိုယ်စား ဦးတင့်ဆွေမှ စေတနာ့ဝန်ထမ်းများအဖြစ် မိမိတို့က စိတ်အားထက်သန်စွာ ပါဝင်ရခြင်းအကြောင်းနှင့် ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံစားကုန်များ ထောက်ပံ့ပေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဆန်(၈)ပြည်၊ စားဆီ ၂ ကီလို၊ ဆားတစ်ထုတ်၊ ကြက်ဥအလုံး(၃၀)၊ ကုလားပဲ ၂ ကီလို စသည်တို့အား စေတနာ့ဝန်ထမ်း စုစုပေါင်း(၃၀)ဦးကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)