ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့သောက်သုံးရေ ဖူလုံစွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ မြို့မိမြို့ဖများအား ချပြဆွေးနွေး

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နေပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရေးအတွက် ဆောင်ရွက်ရန် ပဏာမ လျာထားတွက်ချက်ထားသည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ မြို့မိမြို့ဖများအား၊ တွေ့ဆုံရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊  စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့သောက်သုံးရေ ဖူလုံရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြို့မိမြို့ဖများအနေဖြင့်လည်း အများအတွက် ကောင်းမွန်သည့် အကြံဉာဏ်များ ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီကြရန် ဆွေးနွေးမှာကြားသည်။ ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မြင်းခြံခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတလန့်ကြားက ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ကျောက်ပန်းတောင်းမြို့နေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာ ရယူသုံးစွဲနိုင်ရေးအတွက် အဖက်ဖက်မှ စဉ်းစားသုံးသပ်၍ တွက်ချက်ထားရှိမှုများ၊ ဘတ်ဂျက်လိုအပ်ချက်အပေါ် မူတည်၍ ဖြစ်နိုင်ချေရှိသည့် လုပ်ငန်းများကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးက လျှပ်စစ်မီး ရရှိမှုအပေါ် မူတည်၍ ရပ်ကွက်အလိုက် ရေဖြန့်ဝေပေးနေမှု အခြေအနေများ၊ အဝီစိတွင်းနက်များ ထပ်မံတူးဖော်သွားမည့် အခြေအနေများနှင့် ရပ်ကွက်အလိုက် ရေပေးဝေမှု စနစ်များအား ပြန်လည်ပြုပြင်ရန်နှင့် ရေပိုက်လိုင်းစနစ်များ ပြန်လည်ပြုပြင်သွားရန် စီစဉ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်တာဝန်ခံအင်ဂျင်နီယာ ဒေါ်မြသက်နှင်းက ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် အဝီစိတွင်းသစ်များ ထပ်မံတူးဖော်သွားနိုင်မည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့မိမြို့ဖများများက မြို့သောက်သုံးရေ ဖူလုံရေးအတွက် သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား ထောက်ခံပါကြောင်းနှင့် လိုအပ်သည့် အကြံဉာဏ်ပြု ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ကြရာ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတလန့်ကြား၊ ကျောက်ပန်းတောင်းမြို့ နယ်ဦးစီးမှူး ဦးကျော်ဆွေဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးနှင့်ဝန်ထမ်းများ၊ မြို့ပေါ် (၁၂) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ စုစုပေါင်း (၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)