ကျိန္တလီ ဖေဖော်ဝါရီ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဓနိအုန်းပျစ်လုပ်ငန်း လုပ်ကိုင်သူများသည် ဓနိအုန်းပျစ်များကို ဖေဖေါ်ဝါရီလတွင် ရောင်းချချိန်၌ စျေးကောင်းရရှိကြောင်း သိရသည်။
ဓနိပင်များသည် ပင်လယ်ဒီရေ ရောက်ရှိသော နေရာများတွင် ပေါက်ရောက်ဖြစ်ထွန်းသည်။ ဓနိရွက်များမှာ အုန်းလက်ကဲ့သို့သော ပုံသဏ္ဍာန်ရှိသည်။ အရွက်နှင့်အရိုးသည် အစိမ်းရောင်ရှိသည်။ ဓနိအုန်းပျစ်များ ပြုလုပ်ရန်အတွက် ဓနိတောထဲမှ ခုတ်ယူရန် အဆင်ပြေသော ဓနိလက်များကို ရွေး၍ ခုတ်ယူရသည်။ ထို့နောက် အရွက်ကို ဓားဖြင့် အရင်းမှကပ်ကာဖြတ်ယူပြီး ဓနိအရိုး၏ အကြောကို ကြိုးအဖြစ် အသုံးပြုကာ စနစ်တကျ ထုတ်ပိုးချည်နှောင်ရသည်။ ၎င်းကို အရပ်အခေါ် ဓနိပေါ ဟုခေါ်သည်။ ထိုဓနိပေါများကို(၁၀)ရက်ခန့်ပိုးမကျအောင် ချောင်းကမ်းစပ် ရေငံတွင် ခြံခတ်ကာရေစိမ်ထားရပါသည်။ ဓနိပေါများကို ပြန်လည်ဆယ်ယူပြီး ဓနိအုန်းပျစ်အငှားထိုးသူများ ထံသို့ လက်တွန်းလှည်း(သို့)သုံးဘီးဆိုင်ကယ်များဖြင့် လိုက်လံပို့ပေးရသည်။ ဓနိပျစ်အုန်းထိုးသူ အများစုသည် အမျိုးသမီးများ ဖြစ်ကြသည်။ ဓနိအုန်းပျစ်များ ထိုးရာတွင် သက်ကယ်တံ(ဝါးတံ)ကို ဓနိရွက်၏ အလယ်တွင်ထားကာ ခေါက်ချိုးညီအပြားပုံစံ ပြုလုပ်ရသည်။ထို့နောက်အူတိုင်ချောင်းဖြင့် ကန့်လန့် ဖြတ်ထိုးကာ ကျွတ်ကျမသွားအောင် လက်ဖြင့် ဖိထိုးရသည်။ရရှိလာသော ဓနိအုန်းပျစ်များ ကို (၅)ရက်ခန့် နေလှန်းရသည်။ ဓနိအုန်းပျစ်များ ခြောက်သွားသောအခါတွင် သေသပ်လှပအောင် အပုံလိုက်စီပြီး ထားရှိရပါသည်။ ထိုလုပ်ငန်းသည် နိုဝင်ဘာလ ပထမပတ်တွင် စတင်လုပ်ကိုင်ကြပြီး ဧပြီလကုန်ထိ လုပ်ကိုင်သော လုပ်ငန်းဖြစ်ကြောင်းဓနိအုန်းပျစ် လုပ်ငန်းလုပ်ကိုင်သူ ဦးညီညီအောင် ထံမှ သိရသည်။
ကျိန္တလီမြို့ ဒေသထွက် ဓနိအုန်းပျစ်များသည် လူကြိုက်များကာ အလျားလေးတောင် အထိရှိသည်။ ကျိန္တလီမြို့၌ ဓနိအုန်းပျစ်စျေးနှုန်းမှာ လက်ရှိစျေးအနေဖြင့် ဓနိအုန်းပျစ် (၁၀၀)ပျစ်လျှင် (၂၅၀၀၀/-) ကျပ် စျေးကောင်းရကာ ရောင်းချရပြီး မိသားစု စားဝတ်နေရေး အဆင်ပြေကြောင်း သိရသည်။
ထက်မြက်(ပြန်/ဆက်)