ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အောင်ဇမ္ဗူရပ်ကွက်၊ လေသာဘုန်းကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဇမ္ဗူသီရိမြို့နယ် ရဲတပ်ဖွဲ့မှုး အောင်မျိုးဇော်လွင်၊ မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးဝင်းနိုင်၊ ဇမ္ဗူသီရိမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထင်လတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူတို့က အင်တာနက်ပေါ်တွင် ပြန့်နှံ့နေသော သတင်းတု၊ သတင်းမှားများနှင့်ပတ်သက်၍ သိရှိနိုင်စေရန် အသိပညာပေးဟောပြောခြင်း၊ သတင်းမှားများ၊ ကောလာဟလများ မယုံကြည်ကြစေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသူများ၏ သိရှိလိုသည်များကို မေးမြန်းမှုအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)