နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုး ကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များနှင့် သီလရှင်များအား ကျန်းမာစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်မှန်း၍ တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးထိုးနှံခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးနှင့် အထူးကုဆရာဝန်ကြီးများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ သံဃာတော်များနှင့် သီလရှင်များအား တတိယအကြိမ် အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးကြသည်။

ယင်းနောက် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀) အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုး၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံရာ နေပြည်တော် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းနိုင်စိုးက သံဃာတော်များနှင့် သီလရှင်များအား အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ခုတင်-၃၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဆေးရုံသမိုင်းနှင့် ဆေးရုံတွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေး အလှူရှင် ဦးမျိုးအောင် Ever Meter Co.,Ltd က ကာကွယ်ဆေးလှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဆေးရုံများ၏ လိုအပ်ချက်များကို သိရှိရန် လာရောက်ခြင်းဖြစ်ကြောင်း၊ အငြိမ်းစားသက်ကြီးပုဂ္ဂိုလ်ဝန်ထမ်းများ၊ သံဃာတော်များနှင့် သီလရှင်များ၊ ပြည်သူများကို ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆေးရုံအတွင်း သန့်ရှင်းသာယာလှပရေးအတွက် မြို့နေပြည်သူများ၊ ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများက အပတ်စဉ် ပူးပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုလို ဘီပိုးကာကွယ်ဆေးများ လှူဒါန်းပေးသည့်အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်သူ့ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများကို အဆင့်မြင့်တိုးတက်လာအောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နိုင်ငံတွင် ဆေးပညာအရည်အသွေးတိုးတက်လာပြီး ဆေးကုသပေးမည့်ဆေးရုံ၊ ဆေးခန်းများ အဆင့်အတန်းတိုးတက်လာပြီဖြစ်သည့်အတွက်ကြောင့် အများပြည်သူများ ဆေးကုသမှုအပြည့်အဝပေးနိုင်ရန် ပါရဂူကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ အုပ်ချုပ်မှုဆရာဝန်ကြီးများနှင့် တာဝန်ရှိဆရာဝန်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)အတွက် ဆေးပဒေသာပင်အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယနေ့တွင် ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)ဆေးရုံ၊ တပ်ကုန်းမြို့နယ်၊ မဟာဇနကပရိယတ္တိစာသင်တိုက်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမအုန်းတောကျောင်းတိုက်၊ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံနှင့် လယ်ဝေးမြို့နယ် ခုတင်(၁၀၀)ဆေးရုံကြီးတို့တွင် တတိယအကြိမ် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေး သုံးကြိမ်ပြည့် အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် Ever Meter Co.,Ltd မှ နိုင်ငံအတွင်းရှိ သံဃာတော်များနှင့် သီလရှင်များအတွက် အသည်းရောင်အသားဝါဘီပိုးကာကွယ်ဆေးများ ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)