ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ အပိုင်းအခြား၊ စစ်မှုထမ်းဆောင်ရမည့် ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရမည့်သူများ၊ စစ်မှုထမ်းဆောင်ခြင်းမှ ယာယီရွှေ့ဆိုင်းခွင့်ရနိုင်သူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျသင့်မည့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး မလိုလားအပ်သည့် မီဒီယာအချို့၏ ကောလာဟလလုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြဖြစ်ရန်မလိုကြောင်း ရှင်းလင်းပြောကြားကာခဲ့ကာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများအနေဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာများတွင် ယခုရှင်းလင်းပွဲမှ ရှင်းလင်းပြောကြားမှုနှင့် ဖြန့်ဝေလိုက်သည့် လက်ကမ်းစာစောင်ပါအချက်အလက်များအတိုင်း ထပ်ဆင့် ပြန်လည်မျှဝေ အသိပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ကိုဝင်း၊ ဥတ္တရသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)