မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းသွားရေယာဉ်များတွင် ကုန်တင်ဆောင်သည့် (SOPs) Manifest ပုံစံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်များတွင် ကုန်တင်ဆောင်သည့် (SOPs) Manifest ပုံစံနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၃၄×၇၈ လမ်းထောင့်၊ ရတနာပုံစူပါစင်တာ၊ စတုတ္ထထပ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ပြည်တွင်းရေကြောင်းသွား ရေယာဉ်များတွင် ကုန်တင်ဆောင်သည့် (SOPs) Manifest ပုံစံနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်) ညွှန်ကြားရေးမှူး ဦးကိုကိုဇင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သန်း၊ အကောက်ခွန်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်၊  စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးရဲလင်းထက်တို့နှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များ၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ရေယာဉ်ပိုင်ရှင်များ၊ ရေကြောင်းဖြင့် ကုန်တင်ဆောင်ရွက်သည့် လုပ်ငန်းရှင်များ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဦးကိုကိုဇင်မှ အဖွင့်အမှာစကား ပြောကြားပြီး အကောက်ခွန်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများက  သက်ဆိုင်ရာ ဌာနအလိုက် ပြည်တွင်းရေကြောင်းသွားရေယာဉ်၊ ပြည်တွင်းကမ်းရိုးတန်းသွားရေယာဉ်တို့တွင် အသုံးပြုမည့် ကုန်တင်လွှာစနစ် စံပြုလုပ်ငန်းစဉ်များ (SOPs)နှင့် ယာဉ်ပါ/ကုန်ပါ စာရင်းချုပ် Manifest ပုံစံ အကောင်ထည်ဖော် ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အသီးသီး ရှင်းလင်းဆွေးနွေး၍  တက်ရောက်လာကြသည့် ရေယာဉ်ပိုင်ရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်(ပြန်/ဆက်)