လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio)တွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လားရှိုး)မှ သင်တန်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်

လားရှိုး ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက ပြင်ပစာပေအသိပညာဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း(လားရှိုး)မှ သင်တန်းသူများနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က အားလပ်ချိန်များတွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများထားရှိရေးနှင့် စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးသည်။

ယင်းနောက် စာရေးဆရာ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင် စာစုများ” စာအုပ်တွင်ပါဝင်သည့် ဆောင်းပါးများကို ဖတ်ရှုကြပြီး ဆောင်းပါးနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးခြင်းနှင့် ၎င်းတို့ သိရှိလိုသည်များ၊ အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ၊ ပြပွဲ/ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ Talk show များကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

စိုင်းထွန်း(လားရှိုး)