မော်လမြိုင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်အတွင်း “ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နှစ်စဉ်စီမံချက်ရေးဆွဲ၍ ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း ယာယီကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်မည့်နေရာများ ကြိုတင်သတ်မှတ်ပြီး ဘေးသင့်ပြည်သူများအား လုံခြုံစိတ်ချ၍ အကာအကွယ်ရသောနေရာများတွင် နေရာချထားခြင်း (Safety & Shelter)၊ ဘေးသင့်ပြည်သူများအားလိုအပ်သော ကုသမှုလုပ်ငန်းများဆောင်ရွက်ခြင်း (Prompt Treatment) ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ယင်လုံအိမ်သာ၊ သန့်ရှင်းသောရေရရှိရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းတို့ကို ကျန်းမာရေးဝန်ထမ်းများမှ ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများအားပြင်ဆင်ထားရှိခြင်း၊ အရေးပေါ် အခြေအနေတွင် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူနာလွှဲပြောင်းမည့် အစီအစဉ်များ၊ လူနာတင်ယာဉ်များ၊ သတင်းပို့စနစ်များ ကြိုတင်သတ်မှတ်ထားရှိခြင်း၊ ရေဝင်လေ့ရှိသော ကျန်းမာရေးဌာနများတွင် ဆေးနှင့်ဆေးပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း၊ မိုးလေဝသသတင်း သတိပေးချက်များအား အချိန်နှင့်တစ်ပြေးညီ အမြဲမပြတ် သိရှိဖြန့်ဝေပေးခြင်းကူးစက်ရောဂါ၊ အခြားရောဂါများဖြစ်ပွားမှုကို သတင်းရယူ၍ အမြဲစောင့်ကြပ်ကြည့်ရှုခြင်း၊ မွမ်းမံသင်တန်းပေးခြင်း၊ မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ အလိုက်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်ထိခိုက်နိုင်သည့် အရင်းအမြစ်များအား ရှာဖွေဖော်ထုတ်၍ ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ရေးအစီအစဉ်များရေးဆွဲထားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးအသိပညာပေး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်အား ကျန်းမာရေးဌာနဆင့်ဆင့်သို့ဖြန့်ဝေခြင်း စသည့်လုပ်ငန်းများအားလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေး/ကူးစက်/သဘာဝဘေး) ဒေါက်တာဝင်းပပဌေးမှ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)