မော်လမြိုင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်အတွင်း ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် နှီးနွယ်ဌာနဆိုင်ရာများ ၊ အဖွဲ့အစည်းများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်း က ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအနေဖြင့် ဘေးမဖြစ်ပွားမီ၊ ဘေးဖြစ်ပွားနေစဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို နှစ်စဉ် စီမံချက်ရေးဆွဲ၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်နိုင်မည့် နေရာများ ကြိုတင်သတ်မှတ်ပြီး ဘေးသင့်ပြည်သူများအား လုံခြုံစိတ်ချ၍ အကာအကွယ်ရသော နေရာများတွင် နေရာချထားခြင်း (Safety & Shelter)၊ ဘေးသင့်ပြည်သူများအား လိုအပ်သော ကုသမှု လုပ်ငန်းများ ဆောင်ရွက်ခြင်း (Prompt Treatment) ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ယင်လုံအိမ်သာ၊ သန့်ရှင်းသောရေ ရရှိရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို ဆောင်ရွက်ခြင်း၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းတို့ကို ကျန်းမာရေး ဝန်ထမ်းများမှ ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများအား ပြင်ဆင်ထားရှိခြင်း၊ အရေးပေါ် အခြေအနေတွင် ဆက်သွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လူနာလွှဲပြောင်းမည့် အစီအစဉ်များ၊ လူနာတင်ယာဉ်များ၊ သတင်းပို့စနစ်များ ကြိုတင်သတ်မှတ် ထားရှိခြင်း၊ ရေဝင်လေ့ရှိသော ကျန်းမာရေးဌာနများတွင် ဆေးနှင့်ဆေးပစ္စည်းများ၊ အရေးကြီး စာရွက်စာတမ်းများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ မိုးလေဝသ သတင်း သတိပေးချက်များအား အချိန်နှင့် တစ်ပြေးညီ အမြဲမပြတ် သိရှိဖြန့်ဝေပေးခြင်း ကူးစက်ရောဂါ၊ အခြားရောဂါများ ဖြစ်ပွားမှုကို သတင်းရယူ၍ အမြဲစောင့်ကြပ် ကြည့်ရှုခြင်း၊ မွမ်းမံသင်တန်းပေးခြင်း၊ မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများ အလိုက်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ် ထိခိုက်နိုင်သည့် အရင်းအမြစ်များအား ရှာဖွေဖော်ထုတ်၍ ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ရေး အစီအစဉ်များ ရေးဆွဲထားခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး အသိပညာပေး နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာစောင်အား ကျန်းမာရေး ဌာနဆင့်ဆင့်သို့ ဖြန့်ဝေခြင်း စသည့် လုပ်ငန်းများအားလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး (တိုးချဲ့ ကာကွယ်ဆေး/ ကူးစက်/ သဘာဝဘေး) ဒေါက်တာဝင်းပပဌေး မှ ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကာ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)