ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မန္တလေး- မြစ်ငယ် မီးရထားလမ်းပိုင်း ကြံ့ခိုင်မှု၊ မီးရထားလမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာရေး အခြေအနေများကို ယနေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အဖွဲ့သည် မြန်မာ့ မီးရထား(အထက်မြန်မာပြည်)အထွေထွေမန်နေဂျာ ဦးစိုင်းသော်လင်း၊ မဟာအောင်မြေခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ဒုဌာနမှူးဦးဇော်ဝင်းနိုင်၊ တိုင်းအမှတ်(၃)မြန်မာ့မီးရထား(မန္တလေး)မှ တိုင်းတာဝန်ခံ ဦးကျော်မျိုးထွန်း၊ တိုင်းမန်နေဂျာ(သွားလာရေး) ဦးစံသာအောင်၊ အင်ဂျင်နီယာမှူး(မြို့ပြ) ဦးအောင်မြင့်သိန်း၊ အင်ဂျင်နီယာမှူး(စက်မှု)၊ ဦးသိန်းဆွေ၊ အင်ဂျင်နီယာ(ဆက်သွယ်ရေး)၊ ဦးမိုးလွင်၊ ချမ်းအေးသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်တို့လိုက်ပါလျက် မန္တလေးဘူတာကြီး အမှတ်(၁)စင်္ကြန်မှ RBE-3038 ရထားဖြင့် မြစ်ငယ်ဘူတာထိ မီးရထားလမ်းတစ်လျှောက် လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပေးရေး ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့်အဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ဟေမာဇလရပ်ကွက်ရှိ မြန်မာ့မီးရထားရိပ်သာသို့ ရောက်ရှိကာ စည်ပင်သာယာရေးအဖွဲ့နှင့် ရထားပို့ဆောင်ရေးမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များပေါင်းစပ်ကာ ရထားလမ်းဘေးတစ်လျှောက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်