မဟာအောင်မြေ ဖေဖော်ဝါရီ ၂၆
မဟာအောင်မြေမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲများ ဆွေးနွေးရာတွင် မဟာအောင်မြေမြို့နယ်အနေ ဖြင့် (၁၈)ရပ်ကွက်ရှိရာ (၃)ရပ်ကွက်စုဖွဲ့၍ ပြည်သူများ သိသင့်သိထိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ဗဟု သုတများကို သိရှိနားလည်ထားစေရန် တာဝန်ရှိသူများမှ ဆွေးနွေးပေးလျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်စွာထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးလျက်ရှိသော နိုင်ငံများအကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် စိုးရိမ်ရန် မလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ယက် စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလ သတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန်စသည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မဟာအောင်မြေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦတင်မြင့်ဦး၊ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးကျော်စွာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး ရပ်ကွက်နေပြည်သူများမှ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ ပြည်သူများက မရှင်းလင်းသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့်လည်း တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း