သင်္ဃန်းကျွန်း ဖေဖော်ဝါရီလ ၂၆
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်ရှိ “တုနှိုင်းမမီ”ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်ဦးရွှေတိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးမှ ညွှန်ကြားရေးမှူးဦးဆန်းဝင်းက လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦးအသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများတိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များ၏ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှနွယ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန် မြန်မာစာဌာနမှ ကထိက(ဌာနမှူး)ဒေါက်တာသီတာမင်းတို့က စေ့စပ်ညှိနှိုင်းရေးမှူးများအဖြစ်ဆောင်ရွက်ခဲ့ကြပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် ပထမနှစ်မှ မောင်းစိုင်သက်ထူးစံက လူငယ်နှင့်ရိုးရာယဥ်ကျေးမှု၊ မဆက်ဖီယာက ကျန်းမာရေးနှင့်အားကစား၊ ဒုတိယနှစ်မှ မောင်ကျော်မင်းဟန်က ယနေ့လူငယ် နောင်ဝယ်လူကြီး၊ နော်နေတာဂေးက လူငယ်နှင့်ပရဟိတစသည့် ခေါင်းစဉ်များဖြင့် အသီးသီးပါဝင်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှလှနွယ်