ကွမ်းလုံ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲရုံဝန်ထမ်းများ တာဝန်ကျမဲရုံသို့ သွားလာနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကွမ်းလုံ နိုဝင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံဝန်ထမ်းများ တာဝန်ကျမဲရုံများသို့ သွားလာနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျမှ မဲရုံဝန်ထမ်းများ တာဝန်ကျမဲရုံများသို့ သွားလာနိုင်ရေး အတွက် စီစဉ်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းလှအေးမှ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးမှုအခြေအနေများနှင့် ကျန်ရှိနေသည့် ပစ္စည်းများအား ထုတ်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကြည်ခိုင်မှ ဆင့်ပွားသင်တန်း ဖွင့်လှစ်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ပယ်မဲ/ခိုင်လုံမဲများဆိုင်ရာ အချက်အလက်များ၊ ခရီးသွားလာ စရိတ်များ ထုတ်ပေးမည့်အစီစဉ်များနှင့် မဲရုံပြင်ဆင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာခွန်စောထွန်းက ရွေးကောက်ပွဲကာလအတွင်း ကျန်းမာရေးဆိုင်ရာ
လိုက်နာရမည့် စည်းကမ်းများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ထုတ်ပေးမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မဲရုံမှူးများက မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ကွမ်းလုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)ခုတွင် မဲရုံပေါင်း(၅၈)ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ (၃၈၁၉၀)ဦး ရှိကြောင်း သိရသည်။

ကွမ်းလုံမြို့နယ်တွင် အသက်(၆၀)အထက် သက်ကြီးရွယ်အိုများ၏ ကြိုတင်ဆန္ဒမဲစာရင်း အနေဖြင့် (၄၈၀၃)ဦးနှင့် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် မဲရုံဝန်ထမ်းများ၏ ကြိုတင်ဆန္ဒမဲ စာရင်းအနေဖြင့် (၁၁၁၂)ဦး စုစုပေါင်း ကြိုတင်မဲစာရင်း(၅၉၁၅)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)