လယ်ယာကဏ္ဍစာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရ စာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

မော်လမြိုင် ဖေဖော်ဝါရီ ၂၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနကကြီးမှူး၍ လယ်ယာကဏ္ဍစာရင်းအင်းအရည်အသွေး ပြည့်ဝမှန်ကန်ရေးနှင့် လယ်ယာမြေဥပဒေအရစာချုပ်စာတမ်းများ မှတ်ပုံတင်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ Hotel KS အစည်းအဝေးခန်းမ၌ကျင်းပရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက Video Conference ဖြင့် တက်ရောက်ပြီး လယ်ယာမြေဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် မြေအသုံးချမှုဆိုင်ရာစာရင်းများ ကောက်ယူပြုစုရာတွင် လက်စွဲဥပဒေပြဌာန်းချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအပေါ် အခြေခံဆောင်ရွက်နိုင်ရန်နှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ၊ တည်ဆဲဥပဒေအပါအဝင် ပြဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းများ မှတ်ပုံတင်ပေးရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းများကို ဖေဖော်ဝါရီ(၂၆)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးတင်အောင် (စာရင်းအင်းဌာနခွဲ)၊ ညွှန်ကြားရေးမှူးဦးမြင့်သိန်း(ကြေးတိုင်၊ စီမံကိန်းနှင့်သုတေသနဌာနခွဲ)၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ အရာထမ်း/ အမှုထမ်း(၇၆)ဦးတက်ရောက်ခဲ့ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်မှ အရာထမ်း/အမှုထမ်း (၅) ဦးတို့ Video Conference ဖြင့် တက်ရောက်ခဲ့ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိရာ ယခုကျင်းပခြင်းသည် (၆)ကြိမ်မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)