တန့်ယန်းခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကျင်းပ

တန့်ယန်း ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄)ကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ ညှိနှိုင်းအစည်းဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရိုင်နှင့် မြို့နယ်ဆင့်တို့မှ ဌာနဆိုင်ရာများ၊ ရပ်ကွက်များနှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပေါင်းစပ်ညှိနှိုင်းကာ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ အောင်မြင်စေရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းသာယာရေး၊ ဌာနအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများ အလေးထားဆောင်ရွက်ရေး စသည့်ကိစ္စများကို ဆွေးနွေးပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များနှင့် ခရိုင်အဆင့် တာဝန်ရှိဌာနဆိုင်ရာများက လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် တန့်ယန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် တင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းပေးပြီး မြို့သန့်ရှင်းသာယာလှပစေရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)