ကြည့်မြင်တိုင် ဖေဖော်ဝါရီ ၂၆
ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိကြစေရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီအချ်န်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်း၌ အသိပညာပေးဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝရတည်ရှိမြဲမြံစေရန်လိုအပ်သော အမျိုးသားအကျိုးစီးပွားပင်ဖြစ်ကြောင်း နှိုးဆော်ချက်ဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၃-၇-၁၉၄၇ ရက်နေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ ပြည်သူ့စစ်မှုထမ်းဥပဒရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များစသည်တို့ ဖော်ပြထားသည်။
အဆိုပါ လက်ကမ်းစာစောင်များကို ကြည့်မြင်တိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ စျေးများတွင် ဖြန့်ဝေခဲ့ကြပြီး သတင်းစကား လက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)