မော်လမြိုင် ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်တွင် အလုပ်သမားဥပဒေများ အသိပညာပေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်းများတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အလုပ်သမားရေးရာ ဥပဒေများဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းအားဖြင့် နယ်ပယ်အသီးသီးမှာ လုပ်ကိုင်နေကြတဲ့ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် မိမိတို့၏လုပ်ငန်းများကို အကောင်အထည်ဖော်တဲ့နေရာမှာ ဥပဒေများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဥပဒေပါ အကျိုးခံစားခွင့်များ ရရှိနိုင်မည့်အခွင့်အရေးနှင့်နည်းလမ်းများကို သိရှိနားလည်နိုင်ခြင်း၊ အလုပ်ရှင်နှင့် အလုပ်သမားအကြား အငြင်းပွားမှုများ လျော့နည်းကျဆင်းကာ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင်လည်း ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာပြီး လုပ်ငန်းခွင် အေးချမ်းသာယာရေးတို့ကို များစွာအထောက်အကူပြုမှာဖြစ်တာကြောင့် အလုပ်ရှင်၊ အလုပ်သမားများအတွက် အမှန်ပင်အကျိုးရှိမှာဖြစ်ကြောင်း၊ အလုပ်သမားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာစေရန်၊ အငြင်းပွားမှုအား တရားမျှတစွာ ဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့်မြန်ဆန်စွာ ရရှိခံစားနိုင်မှာ ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း အလုပ်သမားဝန်ကြီးဌာန မိတ်ဖက်ဌာနများမှလည်း ၂၀၂၃ ခုနှစ်တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသို့ အလုပ်သမားရေးရာဥပဒေ ဆွေးနွေးပွဲများကို အလုပ်ဌာန(၇၁၃)ဌာနတွင် (၆၈၉)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အလုပ်သမားဦးရေ(၁၁၄၃၃)ဦးအား အသိပညာပေး ဆွေးနွေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရကြောင်း၊ အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားရေးရာ တည်ဆဲဥပဒေများကို စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ အလုပ်သမားများနှင့် အလုပ်ရှင်၊ အလုပ်ရှင် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်လုပ်ကိုင်ခြင်းဖြင့် အနာဂတ် မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်မှ အလုပ်သမား ရေးရာဥပဒေများနှင့်ပတ်သက်၍ အမှာစကားပြောကြာပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဟန်ဝင်းအောင်မှ အလုပ်သမားရေးရာဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာသော လုပ်ငန်းရှင်များ၊ အလုပ်သမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)