မိတ္ထီလာ ဖေဖော်ဝါရီ ၂၆
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံကဗျာရေးစပ်နည်း သင်တန်းကို ယနေ့ နံနက် ၁ဝ နာရီအချိန်က အခမဲ့ ဖွင့်လှစ်ပို့ချကြောင်း သိရသည်။
ဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာတင်တော်၊ ၎င်းအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ မျိုးဆက်သစ် ကလောင်ရှင်တွေ၊ စာပေပညာ ရှင်တွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အခုလို အခြေခံ ကဗျာရေးစပ်နည်းသင်တန်း ဖွင့်လှစ်ပေးတာ ဖြစ်ပါတယ်ဟု မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က ပြောသည်။ အဆိုပါ သင်တန်းကို ရက်သတ္တပတ် တစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူများအား မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ကဗျာဆရာကြည်သိန်းဇော်နှင့် စာရေးဆရာများက သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ