မုဒုံ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ရေခံမြေခံကောင်းမွန်မှုကြောင့် ကျေးရွာများတွင် ဖရဲစိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်း လှိုင်လှိုင်ထွက်ရှိပြီး စျေးကောင်းရရှိကာ ဖရဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ်တွင် ဖရဲစိုက်ပျိုးခြင်းကို မိုးစပါးများ ရိတ်သိမ်းပြီးတွင် လယ်ယာမြေများ၌ ဒီဇင်ဘာလမှစတင်ကာ အများအပြား စိုက်ပျိုးကြကြောင်း၊ မြေတစ်နေရာတည်းတွင် ဆက်တိုက်စိုက်ပျိုးပါက ပိုးမွှားရောဂါအန္တရာယ်များ ကျရောက်ဖျက်စီးမှုများသဖြင့် သီးနှံအလှည့်ကျ စိုက်ပျိုးကြကြောင်း၊ ဖရဲပင်ကို စိုက်ဘောင်များတွင် အစေ့တိုက်ရိုက် စိုက်ပျိုးနည်းဖြင့် နေရောင်ခြည် ပြည့်ပြည့်ဝဝရရှိနိုင်ပြီး ရေရှိနိုင်နေရာများနှင့် သယ်ယူပို့ဆောင်ရန် လွယ်ကူသောနေရာများတွင် ဖရဲစိုက်ခင်းများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး နှစ်ပတ်အကြာတွင် သဘာဝဓာတ်မြေသြဇာများထည့်၍ အပွင့်ပွင့်ပြီး တစ်လခန့်အကြာတွင် အလုံးရင့်ပါက စတင်ခူးဆွတ် ရောင်းချရကြောင်း မှိန်ဂနိမ်ကျေးရွာနေ ဖရဲစိုက်တောင်သူ ဦးကွန်ချမ်းက ပြောသည်။
မုဒုံမြို့နယ်တွင် ဖရဲသီးများကို အလုံးအရွယ်အစားအလိုက် ဒေသပေါက်စျေး ငွေကျပ် ၁၅၀၀ မှ ၄၀၀၀ ကျပ်အထိ ရရှိပြီး မြို့ပေါ်စျေးများအပြင် ရန်ကုန်သို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)