တပ်ကုန်း နိုဝင်ဘာ ၃
နေပြည်တော်တပ်ကုန်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီအချိန်၌ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တပ်ကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြင့်သိမ်း၊ ဦးတင်ဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်တို့က ခြုံကြီးကျေးရွာ၊ ကြို့ကုန်းကျေးရွာ၊ ဂွေ့ကြီးကျေးရွာ၊ မကျီးပင် ကျေးရွာများရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး အသက်(၆၀)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်မည့်သူများ ကြိုတင် ဆန္ဒမဲပေးနေမှုများ၊ မဲရုံအခင်းအကျင်းနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားမှုများအား ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်