ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဉီးစွာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာ ကဖိုးကျင်၊ စာရေးဆရာ ရဲမွန်ကျော်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ ကျော်လွင်မြင့်(မှော်ဝန်း)၊ စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာမ ချယ်ချယ်(YU)၊ စာရေးဆရာမ နန်းနန်း(စပါးကျီ)၊ စာရေးဆရာမ လုံမငယ်(လူ/မှု)နှင့် စာပေဝါသနာရှင်များက စာရေးဆရာ အောင်သင်းရေးသားသည့် စာရိတ္တမာနစာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးခြင်း၊ သုံးသပ်ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် စာရေးသူ၏ ခံစားရေးသားခဲ့မှုများအား အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)