ကျိုင်းတုံ ဖေဖော်ဝါရီ ၂၆
မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ကျိုင်းတုံ)၏ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁/၂၀၂၄)သင်တန်းဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု၊ ပန်ကွဲတောင်ကျေးရွာတွင် ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) အဖွဲ့ဝင်-၄ ဦးထိန်လင်းက အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ သင်တန်းသား (၃၀)ဦး တက်ရောက်ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှ မတ်လ ၂၅ ရက်အထိ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းအပြင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အိမ်တွင်းလျှပ်စစ်ပြင်အခြေခံ၊ ဆံသ၊ စိုက်ပျိုး/မွေးမြူရေး၊ ပန်းရံ၊ လက်သမား၊ ဂဟေဆက်၊ ကား/ဆိုင်ကယ်နှင့် အခြားစက်ပိုင်းဆိုင်ရာပြုပြင်ရေး၊ ဘလော့အုတ်ပြုလုပ်နည်း စသည့်ဒေသနှင့်ကိုက်ညီသည့်ပညာရပ်များကို သင်တန်းသားများ၏ ဝါသနာပေါ်မူတည်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)