မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ကြီးကြပ်မှုဖြင့် မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်း(အခမဲ့)နှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း (အခမဲ့)သင်တန်းများဖွင့်လှစ်

မန္တလေး ဖေဖော်ဝါရီ ၂၆

လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်၊ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေ အထောက်အပံ့ ရရှိစေရန်၊ ကလေးအလုပ်သမား ပပျောက်စေရန်၊ လုပ်သားဈေးကွက်နှင့် ကိုက်ညီသော ကျွမ်းကျင်လုပ်သားများ ထွက်ပေါ်လာစေရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ မော်တော်ဆိုင်ကယ် ပြုပြင်ခြင်းသင်တန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း သင်တန်းများ (အခမဲ့) ဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၉)နာရီတွင် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ၌ ကျင်းပသည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကား ပြောကြားရာတွင် သင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ မိမိ၏အိမ်တွင် ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ရာ ပစ္စည်းများ ပြုပြင်တတ်ပါက ထွက်ငွေကာမိမည် ဖြစ်ပါကြောင်းနှင့် တတ်မြောက်ပါက အပိုဝင်ငွေရရှိမည် ဖြစ်ပါကြောင်း၊ အခမဲ့ သင်ကြားပေးသည့်အတွက် ကျွမ်းကျင်ပိုင်နိုင်စွာ သင်ယူကြရန်လိုပါကြောင်းနှင့် ကျွမ်းကျင်သည့် လုပ်သားကောင်းများ ဖြစ်စေရေး ပြောကြားပါသည်။

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးဝင်းမင်းစိုးက သင်တန်းစည်းကမ်းများနှင့် သင်တန်းပို့ချချက် ဆိုင်ရာများ ရှင်းလင်းဆွေးနွေးပါသည်။

အဆိုပါ သင်တန်းများကို (၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး မော်တော်ဆိုင်ကယ် ပြုပြင်ခြင်း သင်တန်းတွင် သင်တန်းသား(၂၀)ဦး၊ အိမ်သုံးလျှပ်စစ်ပစ္စည်း ပြုပြင်ခြင်းသင်တန်းတွင် သင်တန်းသား (၁၅)ဦး တက်ရောက်ကြောင်း သိရသည်။

မြင့်မြင့်သန်း(ပြန်/ဆက်)