ဥတ္တရသီရိမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများထံသို့ အခမဲ့ဖြန့်ဝေ

ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ဥတ္တရသီရိရပ်ကွက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်​ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊  ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင် စသည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များကို ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲထွဋ်ဝင်း၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေခဲ့ကြပြီး အဆိုပါလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)